သားအိမ်ဖယ်ပြီးနောက် ဘာဂရုစိုက်ရမလဲ
ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့် မဖြစ်မနေ သားအိမ် ဖယ်ထုတ်ပြီးတဲ့အချိန်မှာ ဘာတွေများ ဂရုစိုက်ရမလဲဆိုတာက ဝေမျှပေးထားတာမို့ လေ့လာလိုက်ဦးနော်။
သားအိမ်ဖယ်ထုတ်ပြီးချိန်မှာ ခံယူထားတဲ့ ခွဲစိတ်မှုအမျိုးအစား၊ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေကို လိုက်ပြီး ပြန်လည်နလန်ထချိန်ကလည်း ကွာခြားနိုင်ပါတယ်။ အများစုကတော့ ခွဲစိတ်မှု ခံယူပြီး ရက်သတ္တပတ် ၁ ပတ် ကနေ ၂ ပတ်အတွင်းမှာ သက်သွားတတ်ပါတယ်။ ပုံမှန်အတိုင်း လှုပ်ရှားမှုတွေ လုပ်ဆောင် ပေးဖို့ဆိုရင်တော့ ရက်သတ္တပတ် ၄ ပတ် ကနေ ၈ ပတ်အထိ အချိန်ပေးရနိုင်ပါတယ်။
အနားယူပါ
ဆေးရုံကနေ အိမ်ကို ပြန်ဆင်းလာချိန် ပထမ ၁ ပတ်မှာ အရာရာကို အဆင်တပြေဖြစ်အောင် လုပ်ဆောင်ဖို့တော့ လိုပါမယ်။ အိမ်မှုကိစ္စတွေကို လုပ်လို့မရသေးပါဘူး။ ပြည့်ပြည့်ဝဝ အနားယူရမှာပါ။
အလေးအပင် မမပါနဲ့
ခွဲစိတ်မှု ခံယူပြီး ရက်သတ္တပတ် ၄ပတ် ကနေ ၆ ပတ်လောက်အထိ အလေးအပင်တွေကို မလို့ မရသေးပါဘူး။ ခွဲစိတ်မှု လုပ်ဆောင်ပေးထားတဲ့ ဆရာဝန်ကို သေချာ မေးမြန်းပါ။
အလုပ်ခွင် ဝင်ဖို့
အလုပ်ရဲ့ သဘောသဘာဝကို လုပ်ပြီး ခွဲစိတ်မှု ခံယူပြီး ရက်သတ္တပတ် ၄ ပတ် ကနေ ၆ ပတ်လောက်ကြာမှ အလုပ်ခွင် ဝင်လို့ရပါတယ်။ အလေးအပင် မမရဘူးဆိုရင်တော့ ခွဲစိတ်မှု ခံယူပြီး ၂ ပတ် ကနေ ၄ပတ် အတွင်းမှာ အလုပ်ခွင် ဝင်လို့ ရပါပြီ။
ကားမောင်းဖို့
ခွဲစိတ်မှု ခံယူပြီး နာကျင်မှု မသက်သာ မချင်း ကောင်းကောင်း မလှုပ်ရှားနိုင်သေးခင်အထိ ကားမောင်းတာမျိုး မလုပ်ပါနဲ့။ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဆွေးနွေးပါ။
ဝမ်းသွားတာ
ခွဲစိတ်မှု ခံယူပြီး နောက်ပိုင်းမှာ ဝမ်းမချုပ်အောင် သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ ဝမ်းချုပ်နေမယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပေးပါ။
အာဟာရပြည့်ဝအောင် စားပါ
ခွဲစိတ်မှုကနေ ပြန်လည် နလန်ထလာချိန်မှာ အာဟာရကို ပြည့်ဝအောင် စားဖို့ လိုပါမယ်။ အထူးသဖြင့် ပရိုတင်း ကြွယ်ဝတဲ့ အဆီမပါတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့၊ ဒိန်ချဉ်၊ အခွံမာသီး၊ ပဲအမျိုးမျိုးကို စားပေးဖို့ လိုပါမယ်။
ရေချိုးတာ
ခွဲစိတ်ပြီး ၄ ပတ် ကနေ ၅ ပတ်လောက်ကြာပြီးမှ ရေချိုးလို့ ရပါမယ်။ ရေပတ်ဝတ်တိုက်တာမျိုး လုပ်ပေးလို့ ရပါတယ်။ အဓိကကတော့ ချုပ်ရိုးကို ရေမထိအောင် ဂရုစိုက်ရမှာပါ။
လေ့ကျင့်ခန်း လုပ်တာ
လေ့ကျင့်ခန်း လုပ်တာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တာကြောင့် သင့်တော်မယ့် လေ့ကျင့်ခန်းကို ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်ပေးလို့ ရပါတယ်။ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့အတွက် ခွဲစိတ်မှု ခံယူပြီးနောကိ ၄ ပတ် ၅ပတ်လောက်အထိ ရေကူးတာမျိုး မလုပ်ပါနဲ့။
အတူနေခြင်း
ခွဲစိတ်ကုသမှု ခံယူပြီး သီတင်းပတ် ၈ ပတ်နောက်ပိုင်းမှာ ဆရာဝန်နဲ့ သေချာလေး မေးမြန်းပြီးမှ အတူနေတာမျိုး လုပ်လို့ ရပါမယ်။
မွန်မွန်